(၂၄)နာရီအတွင်း ထိုင်း ကလေးတွေ ထူးခြားမှု သိရမည်…



(၂၄)နာရီအတွင်း ထိုင်းဘောလုံးအသင်းကလေးတွေအန္တရာယ် တွင်းကလွတ်နိုင် မလွတ်နိုင်သိရမည်
ထိုင်းနိုင်ငံက Thamg Luang လိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေတဲ့ကလေးတွေကို တာဝန်ရှိသူတွေက ဒီနေ့(၅.၇.၂၀၁၈) သို့မဟုတ် မနက်ဖြန်(၆.၇.၂၀၁၈)မှာ ရေကူးရေငုပ်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါဝင်သူ ဗြိတိန်လိုဏ်ဂူပညာရှင်တစ်ဦးဖြစ်တဲ့ ဗန်းန်အန်စဝေါ့သ်က ကလေးတွေဟာ ကြောက်မက်ဖွယ်ရာဒုက္ခဆိုးကြီးထဲမှာ ဆက်လက်ရှင်သန်နိုင်ခြေရှိ၊ မရှိဆိုတာကို နောက်ထပ်(၂၄)နာရီအတွင်း သိရမယ်လို့ ဆိုပါတယ်။
အသက်(၁၁)နှစ်ကနေ(၁၆)နှစ်အတွင်း အသီးသီးရှိကြတဲ့ ဘောလုံးကစားသမားလေးတွေနဲ့ အသက်(၂၅)နှစ်အရွယ် သူတို့ရဲ့ဘောလုံးနည်းပြကို ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဂူထဲမှာအသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူတွေကတော့ ပိန်းပိတ်အောင် မှောင်မဲနေတဲ့ဂူထဲမှာရောက်နေကြတဲ့ ကလေးတွေကို ကယ်ထုတ်မယ့်နည်းလမ်းနဲ့ ပတ်သက်ပြီး ခေါင်းခဲလျက်ရှိနေပါတယ်။ ဂူထဲမှာ အလိုအလျောက်ရေကျသွားတဲ့အထိ (၄)လကျော်ကြာစောင့်ဆိုင်းပြီး ကလေးတွေကိုနေခိုင်းမလား၊ ဒါမှမဟုတ် ရေတွေပြည့်နေပြီး မှောင်မဲနောက်ကျိနေတဲ့ ရေအောက်လမ်းကျဉ်းလေးတွေကိုဖြတ်ပြီး ထွက်ပေါက်ဆီ ကူးခတ်နိုင်အောင် ရေကူးရေငုပ်တာသင်ပေးမလား စဉ်းစားလျက်ရှိနေကြပါတယ်။
တစ်ခုရှိတာက မုတ်သုံရာသီဖြစ်တာကြောင့် လာမယ့်(၃)ရက်အတွင်း မိုးကြီးနိုင်ပြီး လိုဏ်ဂူထဲရေတွေလျှံလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မိုးအရမ်းကြီးလို့ ရေတွေတက်လာတဲ့အခါ ကလေးတွေကို ကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ဆေးဝါးရိက္ခာတွေ အကူအညီပေးဖို့ အင်မတန် ခက်ခဲသွားပါလိမ့်မယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကလေးတွေကို အပြင်ကယ်ထုတ်နိုင်ဖို့ နည်းလမ်း(၃)ခုကို စဉ်းစားခဲ့ပါတယ်။ ပထမတစ်နည်းကတော့ လိုဏ်ဂူကိုအပေါ်ကနေဖောက်ပြီး ကလေးတွေကို ဝေဟင်ကနေ ရွှေ့ထုတ်မယ့် နည်းလမ်းပါ။ ဒါပေမယ့် ကလေးတွေရှိရာ နေရာအတိအကျကို သတ်မှတ်ဖို့ မလွယ်ကူတဲ့အပြင် ကလေးတွေကို တင်ဆောင်နိုင်ဖို့ စက်ကိရိယာတွေတပ်ဆင်ပြီး တွင်းဖောက်ရတာဟာ အချိန်အများကြီးကြာပါလိမ့်မယ်။
ဒုတိယနည်းကတော့ ကလေးတွေကိုလိုဏ်ဂူထဲမှာပဲ စောင့်ဆိုင်းခိုင်းပြီး ကယ်ဆယ်ရေးအဖွဲ့က လိုအပ်တဲ့အာဟာရနဲ့ ဆေးဝါးတွေအပြင်ကနေ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ ဒီနည်းကလည်း လပေါင်းများစွာကြာနိုင်ပါလိမ့်မယ်။ နောက်ဆုံးနည်းကတော့ ကလေးတွေကို ရေကူးနည်းနဲ့ ရေငုပ်ပစ္စည်းတွေ ဘယ်လိုအသုံးပြုရတယ်ဆိုတာ သင်ပေးဖို့ဖြစ်ပါတယ်။ ကလေးတွေကို ရေငုပ်နည်းသင်ပေးပြီး ကျွမ်းကျင်ရေငုပ်သမားတွေရဲ့ အကူအညီနဲ့ မှောင်မဲနေတဲ့ လိုဏ်ဂူရေအောက်လမ်း အကြိုအကြားတွေထဲမှာ ကိုယ်တိုင်ရေကူးပြီး ထွက်ပေါက်ရှိရာဆီ ကူးခတ်လာဖို့ဖြစ်ပါတယ်။
ဒီနည်းလမ်းက လွတ်မြောက်ဖို့အလျင်မြန်ဆုံးနည်းဖြစ်ပေမယ့် အန္တရာယ်အလွန်များပါတယ်။ လိုဏ်ဂူထဲက ကျွမ်းကျင်ရေငုပ်သမားတွေအတွက်တောင် အခက်အခဲတွေတွေ့နေရတဲ့ ရေအောက်လမ်းကြောင်းထဲမှာ ကလေးတွေအကုန် ဘေးမသီရန်မခပဲ အပြင်ထွက်လာနိုင်ဖို့ဆိုတာ အတော်ကြီး ကံကောင်းမှာဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ထိုနည်းလမ်းကို ရွေးချယ်ထားတာကြောင့် ကလေးတွေအားလုံးအသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် ဂူပြင်ရောက်နိုင်ဖို့ ဆုတောင်းပေးကြရမှာပါ။ လက်ရှိအချိန်မှာလည်း မိုးကြီးနေတာကြောင့် အာဏာပိုင်တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။
Credit – လင်းလင်း (ShweMom)
Ref: Dailymail

Comments