လူငယ် ၁၃ ယောက်၊ ဒွိုင်နန်းနွန်းတောင်ပိုင် သခင်မနှင့် မိုင်းဖုန်းဆရာတော် (ရုပ်သံ ဗီဒီယိုဖိုင်)


ဂူထဲလမ်းပျောက် ၁၃ ယောက်၊ ဒွိုင်နန်းနွန်းတောင်ပိုင် သခင်မနှင့် မိုင်းဖုန်းဆရာတော် (ရုပ်သံ ဗီဒီယိုဖိုင် အောက်ဆုံးတွင် ကြည့်ရန်)
အခုတပတ်တွင်း လူမှုကွန်ရက်နဲ့ သတင်းမီဒီယာမှာ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့အတူ လူတွေစိတ်အဝင်စားဆုံး အကြောင်းအရာတခုကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ ဒဏ္ဍာရီဆန်တဲ့ ခွန်နမ့်ဒွိုင်နန်းနွန်းတောင်က လိုဏ်ဂူကြီးတခုထဲ ၁၀ ရက်လောက် ပျောက်ဆုံးခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းသား ၁၃ ယောက် အကြောင်းပဲ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးတွေကို ရှာဖွေတွေ့ရှိဖို့ ထိုင်းနိုင်ငံက ဌာနဆိုင်ရာပေါင်းစုံ၊ အလွှာစုံ၊ စေတနာ့ဝန်ထမ်းတွေရော၊ ခေတ်မီစက်ကိရိယာတွေပါ၊ ငွေအင်အား ဘတ်သန်းပေါင်း ရာနဲ့ချီ အသုံးပြုခဲ့သလို နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့၊ ရေငုပ်ကျွမ်းကျင်သူတွေ ပါဝင်ကူညီခဲ့ပါတယ်။
တဖက်ကလည်း ဘာသာရေး ယုံကြည်ချက်တွေနဲ့ ဆုတောင်းမေတ္တာပို့သခြင်း၊ တောစောင့်နတ် တောင်စောင့်နတ်တွေ ပသပူဇော်ဆုတောင်းခြင်းတွေ လုပ်ခဲ့ပါတယ်။
အဆိုပါ လာရောက်ဆုတောင်း မေတ္တာပို့တဲ့ သူတော်စင်တွေထဲမှာ မြန်မာနိုင်ငံ တာချီလိတ်ခရိုင်၊ မိုင်းဖုန်းမြို့နယ်၊ ရွှေတြိဂံဒေသ လွိုင်လိန်းကျောင်းတိုက်က မိုင်းဖုန်းဆရာတော်လို့ လူသိများတဲ့ ကျောင်းထိုင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရလည်း ပါဝင်ပါတယ်။
ဆရာတော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က တကြိမ်၊ ဇွန်လ ၃၀ ရက်မှာ တကြိမ်၊ ဇူလိုင် ၄ ရက်မှာ တကြိမ် သုံးကြိမ်တိုင်တိုင် လိုဏ်ဂူကြီးဆီ ရောက်ရှိလာပြီး ပရိတ်ရွတ် ရေစက်ချ အမျှအတန်း ပေးဝေခဲ့ပါတယ်။
ကလေးတွေကို ရှာမတွေ့ခင် ဇွန်လ ၃၀ ရက်က လာရောက်စဉ်မှာ ကလေး ၁၃ ယောက်လုံး အဲဒီဂူနားတဝိုက်မှာ ဘေးအန္တရာယ် ဘာမှမဖြစ်ဘဲ အတူရှိနေကြကြောင်း၊ နောက် ၁ ရက် ၂ ရက်နေရင် တွေ့မယ်လို့ ချင်းရိုင်းခရိုင် တာဝန်ရှိသူတွေရှေ့မှာရော ဒကာ၊ ဒကာမတွေရှေ့မှာပါ နိမိတ်ပြစကား မိန့်ကြားခဲ့ပါတယ်။
၇ မိုင်လောက် ရှည်လျားပြီး ရေတွေပြည့်နေတဲ့၊ ဝင်္ကပါလို ရှုပ်နေတဲ့၊ အေးစိမ့်နေတဲ့ လိုဏ်ဂူကြီးထဲ မှောင်မှောင်မည်းမည်း အစာရေစာမရှိ၊ အဝတ်တထည် ကိုယ်တခုနဲ့ ပျောက်ဆုံးနေခဲ့တဲ့ ကလေးတွေကို ထိုင်းနိုင်ငံက လူအင်အား၊ စက်ကိရိယာအင်အားနဲ့ အစွမ်းကုန်ရှာနေပေမယ့် ရာသီဥတုက အခြေအနေမပေးဘဲ မိုးတွေလည်းရွာ၊ ရေတွေပြန်ကြီးလာတာကြောင့် ဆရာတော်ရဲ့ နိမိတ်ပြစကားပေါ် မယုံမရဲ ဖြစ်နေသူတွေလည်း ရှိပါတယ်။
ဆရာတော် နိမိတ်ဖတ်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ဝိုင်းဝန်းသရော်ခံရနိုင်ပြီး အမည်နဲ့ သိက္ခာ ကျဆင်းသွားမှာကိုလည်း ဆရာတော်ရဲ့ ဒကာတချို့က ကျိတ်ပြီး စိုးရိမ်နေခဲ့ပါတယ်။
ဒါပေမယ့် ထူးခြားမှုတခုက ဂူနားသို့ ဆရာတော်ရောက်လာတာနဲ့ အုံ့နေတဲ့ မိုးသားတွေ ကင်းစင်လာပြီး နောက်နေ့တွေမှာလည်း နေပွင့်လာလို့ ရေတွေ ပြန်ကျသွားတယ်လို့ ဂူနား တရားနာရောက်လာသူတွေ ပြောပါတယ်။
အဲဒီနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရာက ဇူလိုင်လ ၂ ရက်နေ့ ည ၉ နာရီကျော် ၁၀ နာရီမထိုးခင် ဂူဝင်ပေါက်နဲ့ ၄ ကီလိုမီတာကျော်အကွာ ကမူလေးတခုပေါ်မှာ ဘေးမသီရန်မခ တစုတဝေး ထိုင်နေကြတဲ့ လူငယ် ၁၃ ဦးလုံးကို ကယ်ဆယ်ရေးအဖွဲ့ဝင် ဗြိတိသျှ ရေငုပ်သမားနှစ်ဦးက အရင်ဆုံး ပြန်လည်တွေ့ရှိခဲ့ပါတယ်။
လူငယ်တွေဟာ ခါတိုင်းဆို အဲဒီနေရာမှာမနေဘဲ ရေတွေတက်လာရင် အပေါ်ဘက်က ကျောက်ဆောင်ပေါ် တက်နေကြကြောင်း၊ အဲဒီနေ့က ရေကျတာကြောင့် အောက်မှာ ခဏဆင်းထိုင်နေစဉ် ရေငုပ်သမားနှစ်ဦးကလည်း ရေငုပ်စဉ် အသွားအပြန်လမ်းတွေ မှတ်မိအောင် ရေထဲက ငုတ်တွေကို ကြိုးနဲ့ချည်လာရာမှာ တနေရာအရောက် ကြိုးစကုန်သွားလို့ ရေပေါ် ခေါင်းဖော်ခဲ့ကြောင်း၊ အဲဒီမှာတင် တိုက်တိုက်ဆိုင်ဆိုင် ကမူပေါ်ထိုင်နေတဲ့ လူငယ်တွေကို စတွေ့ခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လူငယ်တွေကို ပြန်လည်တွေ့ရှိတာဟာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ဇွဲလုံ့လ၊ ဝီရိယ ကြိုးစားအားထုတ်မှုတွေအပြင် မိုင်းဖုန်းဆရာတော်ဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ ပရိတ်မေတ္တာ ဘာဝနာတွေကြောင့်လည်း ပါတယ်လို့ ဗုဒ္ဓဘာသာသက်ဝင်သူ လူများစုက ယုံကြည်နေကြပါတယ်။
ထိုင်းနိုင်ငံက သတင်းမီဒီယာတွေမှာလည်း မြန်မာပြည်က မိုင်းဖုန်းဆရာတော်အကြောင်းနဲ့ ဒီတိုက်ဆိုင်မှုဖြစ်ရပ်ကို အကျယ်တဝင့် ထုတ်လွှင့်နေကြသလို မြန်မာပြည်သားတွေကလည်း ဆရာတော်ကို ကြည်ညိုလေးစားတဲ့အကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
မိုင်းဖုန်းဆရာတော် လိုဏ်ဂူကြီးဆီ ရောက်လာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်နဲ့နီးစပ်တဲ့ သားတပည့်ဖြစ်သူ တာချီလိတ် ကမ္မဋ္ဌာန်းကျောင်းတိုက်က ဆရာတော် ဦးဉာဏသီရိကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဂူထဲပိတ်မိနေတဲ့ ကလေးတယောက်ရဲ့ မိဘတွေက ပင့်ဖိတ်လာတာကြောင့် သွားရောက်ခြင်းဖြစ်တယ်လို့ မိန့်ပါတယ်။
ဒါ့အပြင် ဆရာတော်နဲ့ ဒွိုင်နန်းနွန်း တောင်ပိုင်သခင်မ၊ လူငယ် ၁၃ ဦးတို့ဟာ ရှေးရေစက် ရှိခဲ့ဖူးသူတွေမို့ အရောက်သွားဖို့ ဖြစ်လာရကြောင်း၊ ဆရာတော်ဟာ ဂူထဲမှာ ရက်ရှည်လများ တရားကျင့်ကြံ အားထုတ်လေ့ရှိတာကြောင့် ဂူတွေအကြောင်း နားလည်သလို သာမန်လူတွေ မမြင်နိုင်တဲ့ ပြင်ပလောကသားတွေနဲ့လည်း အာရုံဆက်စပ်နိုင်တယ်လို့ ယုံကြည်ကြောင်းလည်း ဆရာတော် ဦးဉာဏသီရိက မိန့်ကြားပါတယ်။
ဒွိုင်နန်းနွန်းတောင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီဆန်ဆန် ပုံပြင်တခုမှာတော့ ရှေးတုန်းက လိရှမ်းလူမျိုးတို့နေထိုင်ရာ ဆစ်ဆောင်ပနားဒေသ (ယခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာရှိ) ကျိုင်းရုံးတိုင်းပြည်က ဘုရင်ကြီးထံမှာ အလွန်ချောမောလှပတဲ့ သမီးတော်တပါး ရှိတယ်လို့ ဆိုပါတယ်။
သမီးတော်ဟာ အဆင့်အတန်းမတူတဲ့ မြင်းထိန်းသမားနဲ့ မေတ္တာမျှပြီး ကိုယ်ဝန်ရှိလာတော့ ခမည်းတော်က ငြိုငြင်ပြီး ပြစ်ဒဏ်ကိုကြောက်လို့ ချစ်သူနှစ်ဦး နန်းတော်ကနေ ထွက်ပြေးခဲ့ကြောင်း၊ မဲခေါင်မြစ်အလွန် တောတွင်းတနေရာမှာ သမီးတော်က ပင်ပန်းပြီး ဆာလောင်လာတာကြောင့် ခင်ပွန်းဖြစ်သူက အစာရှာထွက်စဉ် အနောက်ကလိုက်လာတဲ့ ဘုရင်ကြီးရဲ့ ရဲမက်တွေက ခင်ပွန်းကို သတ်ဖြတ်လိုက်လို့ သမီးတော်လည်း စိတ်ထိခိုက်ပြီး ဆံထုံးပေါ်က ဆံထိုးနဲ့ သူ့ခေါင်းသူပြန်ထိုးစိုက်ကာ သေကြောင်းကြံသွားတယ်လို့ ဆိုပါတယ်။
သမီးတော်ဦးခေါင်းကနေ စီးကျလာတဲ့ သွေးတွေဟာ လက်ရှိ မယ်ဆိုင်ချောင်းရေ ဖြစ်လာပြီး သူလဲကျသေဆုံးတဲ့ နေရာမှာလည်း တောင်တန်းကြီးတခု ဖြစ်ပေါ်လာကြောင်း၊ အဲဒီတောင်ကို ဒွိုင်နန်းနွန်း (သခင်မအိပ်တောင်) လို့ခေါ်ကြောင်း၊ မယ်ဆိုင်ချောင်းရေဟာ အဲဒီတောင်ကြော အထက်ဘက်ကနေ ထွက်လာတာမို့ ခွန်နမ့် (ရေထွက်ဦး) လို့ ခေါ်ကြောင်း ပုံပြင်ထဲမှာ ပါရှိပါတယ်။
ခွန်နမ့်နန်းနွန်းတောင်တန်းကြီးဟာ မြန်မာနိုင်ငံ တာချီလိတ် ချစ်ကြည်ရေးတံတားဘက်ကနေ ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့ဘက် ဝင်လာရင် ညာဘက်ခြမ်းမှာရှိပြီး အဝေးကကြည့်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အိပ်စက်လဲလျောင်းနေပုံနဲ့ ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တောင်တန်းအောက်မှာ အလွန်ကြီးမား နက်ရှိုင်းတဲ့ ဂူကြီးတခုရှိပြီး အဲဒီဂူမှာ အစောင့်အရှောက်တွေရှိတယ်၊ နတ်ကြီးတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
ကလေး ၁၃ ယောက် လိုဏ်ဂူထဲမှာ ထူးဆန်းစွာ ပျောက်ဆုံးနေပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်နိုင်ငံမှာ နေထိုင်သူ ထိုင်းအမျိုးသမီးတဦးက သူမရဲ့ ထူးခြားတဲ့ အိပ်မက်တခုအကြောင်းကို လူမှုကွန်ရက်မှာ ဖွင့်ချလိုက်ပါတယ်။
အဆိုပါအိပ်မက်မှာ ဒွိုင်နန်းနွန်းတောင်ပိုင်သခင်မက ဆရာတော်တပါးကို စောင့်မျှော်နေတာ နှစ်ပေါင်း ၃၀၀ ကျော်ပြီဖြစ်ကြောင်း၊ ဆရာတော်က လာရောက်ပြီး အမျှအတန်းဝေပေးမှ သူလည်း အဲဒီဘဝက ကျွတ်မှာဖြစ်သလို ကလေး ၁၃ ယောက်ကိုလည်း လွှတ်ပေးမယ်လို့ ဆိုပါတယ်။
အိပ်မက်ထဲက အမျိုးသမီးမှာ သူ့ကိုယ်သူ နန်းနွဲ့ပင်ခမ်းလို့ပြောပြီး အသားဖြူဖြူ ရှည်လျားတဲ့ဆံပင်၊ သွယ်လျတဲ့ခန္ဓာရှိကာ မျက်လုံးတွေကတော့ အပြင်းအထန် ငိုကြွေးထားသူလို နီရဲနေကြောင်း၊ သူ့ကိုကြည့်ရတာလည်း အင်မတန်မှ ပူဆွေးနေတယ်လို့ ဆိုပါတယ်။
နောက်တော့ အင်တာနက်ထဲ တွေ့မိတဲ့ ဆရာတော်တပါးဟာ သူမအိပ်မက်ထဲက ဆရာတော်နဲ့ တူနေကြောင်း၊ အမည်ရှာကြည့်တော့ ခူးဘားဝုန်းစုမ့် (မိုင်းဖုန်းဆရာတော်) လို့ သိရကြောင်း၊ သူမဟာ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချသူမို့ မိုင်းဖုန်းဆရာတော်ကို သိလည်းမသိ မြင်လည်း မမြင်ဘူးကြောင်း၊ ဒါပေမယ့် သူမဟာ သတင်းထဲဖတ်ရတဲ့ ဂူထဲက ကလေး ၁၃ ယောက်ကို သနားမိလို့ တောင်တန်းတမျှ ကြီးမားလှတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ သူ့အိပ်မက်ဟာ အဲဒီတောင်ပေါ်က ဆံမျှင်လေးတမျှင်စာ မျှော်လင့်ချက်လေးတခုအနေနဲ့ ဖွင့်ပြောလိုက်ရကြောင်း၊ သူမအနေနဲ့ နာမည်ကြီးချင်လို့ ပြောတာမဟုတ်ဘဲ သူမအိပ်မက်ကိုလည်း ယုံချင်မှယုံပါလို့ ပြောသွားပါတယ်။
သူမရဲ့ ထူးဆန်းတဲ့အိပ်မက်ဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့သွားပြီး ဂူထဲပိတ်မိတဲ့ လူငယ် ၁၃ ဦးရဲ့ မိဘဆွေမျိုးတွေကပါ မိုင်းဖုန်းဆရာတော်ရဲ့ အလာကို မျှော်လင့်နေခဲ့ကြပါတယ်။
ဆရာတော်ဟာ ဒွိုင်နန်းနွန်းတောင်က ဂူကြီးဆီ ကြွရောက်ပြီးတဲ့နောက် ချင်းရိုင်းခရိုင် ကျိန်းဆဲင်မြို့နယ် ဝိန်းကျောက်တောင်ပေါ်ရှိ ရေပတ်လည်ဝိုင်းနေတဲ့ တောရကျောင်းမှာ ၃ ရက်တာ ဝဇီပိတ် တရားထိုင်နေခဲ့တယ်လို့ ဆရာတော်နဲ့နီးစပ်တဲ့ ဒကာ ခွန်ကစ်သာ အနုရတ်က ထိုင်း BrightTV နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဆရာတော်ဟာ အရင်ကလည်း ဝဇီပိတ်တရားထိုင်ရင် အနည်းဆုံး သီတင်းတပတ်ကနေ သုံးလလောက်အထိ ကြာမြင့်ကြောင်း၊ ဒါပေမယ့် ဒီတခေါက်မှာ ထူးထူးခြားခြား သုံးရက်သာထိုင်ပြီး ဂူထဲက ကလေး ၁၃ ယောက်ကို ပြန်တွေ့တဲ့အချိန် ဆရာတော်က ထွက်မလာသေးဘူးလို့လည်း ပြောပါတယ်။
ဂူထဲမှာ ထိုင်းလူငယ်တွေ ပြန်တွေ့ပြီး နောက် ၂ ရက်အကြာ ဇူလိုင်လ ၄ ရက်မှာတော့ ဆရာတော်ဟာ ဒွိုင်နန်းနွန်းဂူကို တဖန်ပြန်ကြွရောက်လာပြီး ဂူထဲမှာ ၁ နာရီကြာ ဘာဝနာပွါး တရားထိုင်သွားခဲ့ပါတယ်။
မိုင်းဖုန်းဆရာတော် တရားထိုင်နေစဉ် လိုဏ်ဂူစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို တိုင်တည်ပြီး မေတ္တာဘာဝနာပွား၊ အမျှအတန်း ဝေနေမယ်လို့ ယုံကြည်ကြောင်း ခွန်ကစ်သာက ပြောပါတယ်။
ဒွိုင်နန်းနွန်းတောင်ရဲ့ ဒဏ္ဍာရီ၊ အမေရိကားက ထိုင်းအမျိုးသမီးတဦးရဲ့ အိပ်မက်တွေနဲ့ ဆက်စပ်ပြီး ဒေသခံနဲ့ လူမှုကွန်ရက်တွေကတော့ လူငယ် ၁၃ ဦး၊ ဒွိုင်နန်းနွန်းတောင်ပိုင်သခင်မနဲ့ မိုင်းဖုန်းဆရာတော်တို့ဟာ ရှေးက ပဋ္ဌာန်းဆက်တွေ ရှိခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
လူငယ် ၁၃ ဦးဟာ ရှေးရှေးက သမီးတော် စဝ်နွဲ့ပင်ခမ်းရဲ့ ခင်ပွန်းကို သတ်ဖြတ်ခဲ့သူ ရဲမက်တွေဖြစ်ကြောင်း၊ မိုင်းဖုန်းဆရာတော်က ဘုရင်ကြီးဖြစ်ခဲ့ကြောင်း၊ သမီးတော်အနေနဲ့ သူ့ခင်ပွန်းကို သတ်ဖြတ်ခဲ့တဲ့ ရဲမက်တွေကို ကလဲ့စားချေလိုတာက တကြောင်း၊ လောကမှာ ချစ်သူဆုံးရှုံးခဲ့ပြီး ချစ်သူနဲ့ ကွေကွင်းရတဲ့ ဆင်းရဲဒုက္ခကို သိစေချင်လို့ ကလေးတွေ မထွက်နိုင်အောင် ဂူလမ်းကြောင်း ပိတ်ဆို့ထားတာဖြစ်ကြောင်း၊ ဒါပေမယ့် လူငယ် ၁၃ ဦးမှာ ရှေးဘဝက တာဝန်ကျေပွန်သူ မင်းမှုထမ်းတွေ ဖြစ်ခဲ့တာကြောင့် ဒီဘဝမှာ အုပ်ချုပ်သူနဲ့ တတိုင်းပြည်လုံးရဲ့ မေတ္တာနဲ့ အကူအညီတွေ ရနေတာဖြစ်ကြောင်း၊ ရဲမက်တွေကို အမိန့်ပေးခဲ့သူ ခမည်းတော်မှာ ယခုဘဝမှာ သီလ သမာဓိ ပညာဂုဏ်နဲ့ မေတ္တာစွမ်းအားကြီးမားတဲ့ ဆရာတော်တပါးလည်း ဖြစ်နေတာမို့ သူတို့တွေရဲ့ ဝဋ်ကြွေးသံသရာ ပြေပြတ်သွားအောင် ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ တချို့ကတော့ ဆရာတော်ဟာ သမီးတော်ရဲ့ ခမည်းတော်မဟုတ်ဘဲ ရဲမက်တွေက သတ်ခဲ့တဲ့ ခင်ပွန်းဖြစ်ကာ အမေရိကန်က အိပ်မက်ပိုင်ရှင် အမျိုးသမီးမှာလည်း သမီးတော်ရဲ့ အထိန်းတော်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအကြောင်းအရာတွေကတော့ ဒေသခံ ထိုင်းလူမျိုးတွေ ပြောပြောနေတဲ့ ပုံပြင်ဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် ယုံတမ်းစကား အယူအဆတွေသာ ဖြစ်ပါတယ်။
အမှန်တကယ် လက်ရှိအခြေအနေအရတော့ ဂူထဲမှာ ရေကြီးနေလို့ လူငယ်တွေလည်း ဂူထဲကနေ ထွက်လို့မရသေးပါဘူး။ ဒေသခံတွေနဲ့ ကလေးမိဘတွေကတော့ သူတို့တွေကို ပြန်တွေ့တာ ဝမ်းသာပေမယ့် ဂူထဲကနေ မထွက်မချင်း စိတ်မအေးနိုင်ကြသေးပါဘူး။
မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ လိရှမ်းလူမျိုးဖြစ်ပြီး မိဘတွေက ရှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းဒေသကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကာ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ်၊ မဲ့ခမ်းနောင်ဘိုရွာမှာ ဆရာတော်ကို မျက်နှာမြင် မွေးဖွားခဲ့ပါတယ်။
ဆရာတော်ရဲ့ မယ်တော်မှာ ကိုယ်ဝန်ဆောင်စဉ်က ရွှေရောင် ဗုဒ္ဓဘုရားရှင် ဆင်းတုတော်အကြီးကြီး ဖူးမြော်ရတယ်လို့ အိပ်မက်ပြီး ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (အင်္ဂါနေ့) မိုးတွေ အဆက်မပြတ် ရွာသွန်းချိန်မှာ မွေးဖွားတာကြောင့် ငယ်နာမည် ဝုမ်းစုမ့်ထားကဲန်းလို့ တွင်ပြီး ထိုင်းနဲ့ ရှမ်းလူမျိုးတွေက ဆရာတော်ကို ခူးဝါးဝုမ်းစုမ့်လို့ ခေါ်ကြပါတယ်။
ဆရာတော်ဟာ ထိုင်းကျောင်းမှာ ၄ တန်းထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၁ နှစ်မှာ ကိုရင်ဝတ်ပါတယ်။ သက်တော် ၂၀ မှာတော့ ရဟန်းဘဝ ရောက်ပါတယ်။
ဆရာတော်ဟာ နူးညံ့သူဖြစ်ပြီး ကိုရင်ဘဝကတည်းကစ အခု ဆရာတော်ဖြစ်တဲ့ထိ သက်သတ်လွတ်ဘုဉ်းပေးတာ၊ ရလာတဲ့ အလှူခံပစ္စည်းတွေကို နှမျောတွန့်တိုခြင်းမရှိဘဲ ပြန်စွန့်ပေးတာ၊ စေတီ ဘုရားနဲ့ ကျောင်း၊ ဇရပ်တွေ ဦးဆောင် ဆောက်လုပ်လှူဒါန်းတာ၊ ဝါတွင်းသုံးလ ဂူအောင်း တရားထိုင်တာ၊ မွေးနေ့မှာ သက်ကြီးရွယ်အိုတွေကို စင်ကြယ်တဲ့ အဖြူရောင်ဝတ်စုံ လှူဒါန်းတာ၊ သီလပေးတာ၊ ပြည်တွင်းပြည်ပ သာသနာပြုခရီးတွေ ဆောင်ရွက်တာတွေ ပြုလုပ်နေပါတယ်။
ဆရာတော်ရဲ့ ထူးခြားချက်တခုမှာ ဘာသာစကားအမျိုးမျိုးကို အလွယ်တကူ လေ့လာပြောဆိုနိုင်တာပါ။ ပါဠိ၊ ရှမ်း၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဘူတန် စတဲ့ဘာသာတွေနဲ့ တရားဟောနိုင်ပြီး အင်္ဂလိပ်၊ တရုတ် စတဲ့ဘာသာတွေတော့ အနည်းငယ်ပြောဆိုနိုင်ကြောင်း၊ လားဟူ၊ နီပေါ၊ ဟိန္ဒူ စတဲ့ ဘာသာစကားတွေကိုတော့ ရိပ်ဖမ်းသံဖမ်း နားလည်တယ်လို့ သားတပည့် ဦးဉာဏသီရိက မိန့်ပါတယ်။
ဆရာတော်ဟာ မြို့ရွာအနှံ့ နယ်လှည့်သာသနာပြုတာကြောင့် ဒကာအမျိုးမျိုးနဲ့ တွေ့ဆုံဆက်ဆံရကြောင်း၊ အဲဒီထဲမှာ ရှမ်းနိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေလည်း ပါရှိတာကြောင့် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးတွေရဲ့ လိုက်လံဖမ်းဆီးတာ ခံခဲ့ရပြီး ပြည်ပကို ခေတ္တထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီနောက် မြန်မာပြည်တွင်း ပြန်ကြွခွင့်ရပြီး သာသနာအကျိုး သယ်ပိုးရာက ၁၉၉၆ ခု နှစ်မှာ နိုင်ငံတော်ကချီးမြှင့်တဲ့ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့၊ အန်အယ်လ်ဒီအစိုးရ လက်ထက် ၂၀၁၈ မှာ အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲ့ ချီးမြှင့်ဆက်ကပ်ခြင်း ခံရပါတယ်။
ဆရာတော်ဟာ မဟုတ်မမှန်စကားကို ပြောဆိုခြင်းမရှိဘဲ နမိတ်ပြပြောဆိုတိုင်းလည်း မှန်ကန်လေ့ရှိကြောင်း၊ ဂူတွင်းပိတ်နေတဲ့ ကလေးတွေ ပြန်တွေ့မယ်ဆိုတာကိုလည်း သေချာလို့ ပြောတာဖြစ်ကြောင်း ဆရာတော် ဦးဉာဏသီရိက မိန့်ပါတယ်။
လောကမှာ ဒုက္ခရောက်နေသူတွေ အများအပြားရှိပြီး အရာရာတိုင်းဟာ မိမိပြုသမျှ ကံအကြောင်းတရားပေါ် မူတည်ကြောင်း၊ အချို့ကို ကယ်တင်လို့ရသလို အချို့ကို မကယ်တင်နိုင်ကြောင်း၊ ဆရာတော်က နတ်လူ၊ သတ္တဝါတိုင်းအပေါ် မေတ္တာပို့သပေမယ့် ကိုယ်ပြုခဲ့ကြတဲ့ အတိတ်ကံအတိုင်းသာ ကိုယ်ပြန်ရနေကြတာ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ကြားသွားပါတယ်။
မိုင်းဖုန်းဆရာတော်အကြောင်း ရုပ်သံကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
လိုဏ်ဂူထဲမှာ ကလေးတွေ ပြန်တွေ့မယ်လို့ မိန့်ကြားခဲ့တဲ့ မိုင်းဖုန်းဆရာတော်
credit DVB TV News

Comments