လှိုင်သာယာမှ မိုက်ကြေးခွဲသူများ သတိထား တဲ့နော်...



#ပြည်​သူကြားက ပြည်​သူ့စကား

လှိုင်သာယာမှ မိုက်ကြေးခွဲသူများ သတိထား

လှိုင်သာယာနဲ့ ပတ်သက်နေရတဲ့ မိတ်ဆွေများ သတိထားနိုင်ဖို့ ဖြစ်ရပ်မှန်လေး နှစ်ခု ပြောပြပေးချင်ပါတယ်။

(၁)7.6.2018 ည ၈နာရီလောက်က လှိုင်သာယာ စက်ရုံက ကျမရဲ့ စာရေးလေး ၃ယောက် Light truck ကားမောင်းပြီး မရမ်ကုန်းဖက်ကို သွားဖို့ ကနောင်မင်းသားကြီးလမ်း၊ဦးမြဲလမ်းကနေ ပန်းလှိုင်ဂေါက်ကွင်းလမ်း(ယောအတွင်းဝန် ဦးဘိုးလှိုင်လမ်း) ပေါ်မောင်းလာရာမှာ ရန်ကုန်ပုသိမ်လမ်းမကြီးနား မရောက်မီ ဆိုင်ကယ်၁၀စီးနဲ့ လူ ၁၅ ယောက်လောက် အတင်းကျော်တက်ပြီး ကားရှေ့က ပိတ်ရပ်လိုက်တဲ့ အတွက် ရပ်ပေးလိုက်ရပါတယ်။



ကျမ ကလေးတွေ မောင်းတဲ့ကားက ဦးထွန်းညိုလမ်းမှာ ဆိုင်ကယ်ကို ချိတ်သွားတယ် ၊ဘယ်လိုမောင်းတာလဲ ဆိုပြီး ကြိမ်းမောင်းကြပါတယ်။ (ဦးထွန်းညိုလမ်း ဆိုတာ အတွင်းထဲ ရောက်ပြီး ဦးမြဲလမ်းက ကွေ့လာတဲ့ ကားနဲ့ ဘာမှ မဆိုင်တဲ့ နေရာဖြစ်လို့ ကိုယ်တိုက်လာတာ မဖြစ်နိုင်ကြောင်း ငြင်းကြပါတယ်။ မှန်ချမောင်းကြတာ ဖြစ်တဲ့အတွက် သူတို့က ကားသော့ကို လှမ်းဖြုတ်ယူပြီး သိမ်းထားလိုက်ကြပါတယ်။လူကြီးတွေဆီ ဖုန်းဆက်မယ်လို့ ဖုန်းထုတ်တော့ မဆက်ရဘူးဆိုပြီး ဖုန်းကို လုယူထားကြပါတယ်။

အဲဒီအချိန်မှာ ကားနဲ့ ချိတ်သွားလို့ ခြေထောက်နာပါတယ်ဆိုတဲ့ လူနဲ့ နောက်တဖွဲ့လည်း ထပ်ရောက်လာပါတယ်။ ကားပေါ်က လူတွေကို အတင်းဆင်းခိုင်းပြီး တယောက်တနေရာဝိုင်းထားရင်း အလျော် ၅သိန်းပေးရမယ်လို့ အတင်းတောင်းကြပါတယ်။ ငြင်းခုန်ရင်း ဒါးနဲ့ ထိုးမယ်ဆိုတဲ့ အထိဖြစ်လို့ ကားမောင်းတဲ့ကလေးက ကြောက်တာနဲ့ ၃သိန်းပေးပါမယ်လို့ ၀န်ခံလိုက်ရပါတယ်။ လောလောဆယ် ပိုက်ဆံမပါတဲ့အတွက် ၂ယောက်ကို ဓားစာခံ ခေါ်ထားပြီး ကားမောင်းတဲ့ ကလေးကို ကျမတို့ စက်ရုံဆီ သူတို့ဆိုင်ကယ်နဲ့ လိုက်ပို့ပြီး ပိုက်ဆံယူခိုင်းပါတယ်။

ပိုက်ဆံရောက်လာတော့ ကားသော့ယူထားတဲ့ အဖွဲ့က ကားသော့ပေးပြီး ပြန်ထွက်သွားပါတယ်။ လူနာလို့ ပြောတဲ့ သူနဲ့ အဖွဲ့က ဆေးရုံလိုက်ပြပေးလို့ တောင်းဆိုပြန်တဲ့အတွက် ကိုယ့်ကားနဲ့ တင်ပြီး လုမ္ဗနီဆေးရုံကို သွားပါတယ်။ဆေးရုံဝင်းထဲရောက်မှ ဒီမှာ မပြဘူး၊ပန်းလှိုင်ဆေးရုံပို့ဆိုပြန်တဲ့အတွက် လိုက်ပို့ပါတယ်။ပန်းလှိုင်ဆေးရုံက လက်မခံတဲ့အတွက် အင်းစိန်ဆေးရုံကို သူတို့ငှားပေးတဲ့ တက်စီ ၂စီးနဲ့ သွားပြပေးရပါတယ်။ အင်းစိန်ဆေးရုံက ဓာတ်မှန်ရိုက်ပေးပြီး ဘာမှ မဖြစ်ပါ၊အကြောညပ်ရုံဘဲလို့ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။(ဓာတ်မှန်ရိုက်ရာမှာ ပေးရတဲ့ ၁၀၀၀ ပဲ ကုန်ခဲ့ကြပါတယ်)

လှိုင်သာယာကို ပြန်ရောက်တော့ တက်စီ ၂စီးငှားခ ၂၈၀၀၀ တောင်းကြပါတယ်။ စာရေးလေးတွေမှာ ပိုက်ဆံ မရှိတော့တဲ့အတွက် နေရာလည်း သိပြီးသား၊ မနက်မှ လာယူပါဆိုတာကို ခြံရှေ့မှာ ဆူပူပြီး ကားမောင်းတဲ့သူကို ထုတ်ပေးလို့ ခြိမ်းခြောက်ကြပါတယ်။(မနက်ကျတော့ တက်စီခ ပေးလိုက်ပါတယ်)

ည၁နာရီလောက်ထိ ဆူပူနေတဲ့အတွက် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတော့ ယာဉ်ထိန်းရဲတယောက် လွှတ်လိုက်ပြီး ကားနဲ့လူကို ရုံးခဏ လိုက်ခဲ့ပါ ခေါ်သွားပါတယ်။သူတို့ဖက်ကလည်း လိုက်သွားကြပါတယ်။ အခုထိ ချိတ်မိပါတယ်လို့ စွပ်စွဲတဲ့ ဆိုင်ကယ်ကို ထုတ်မပြပါဘူး။



စခန်းမှာ ရောက်တော့ ဆိုင်ကယ်ပြင်ခနဲ့ လူဆေးကုစရိတ်တွက် ၈သိန်း ထပ်ပေးရမယ်လို့ တောင်းကြပြန်ပါတယ်။

မတိုက်ရတဲ့ ယာဉ်တိုက်မှုအတွက် ကိုယ့်ဖက်ကလည်း မတိုက်ကြောင်း ကိုယ့်လူတွေကပြော၊ သူတို့ဖက်ကတော့ သက်သေလူဦးရေ ပိုများပြီး ပြောကြပါတယ်။ အမှုဖွင့်လိုက်ပါဆိုတော့လည်း အမှုမဖွင့်ပေးပါ။ကားမောင်းတဲ့ ကလေးကို သန်းခေါင်စာရင်းရှိတဲ့ အိမ်ထောင်ဦးစီး ၂ယောက်က အာမခံပေးရမယ် ဆိုလို့ အာမခံမယ့်သူ ရှာပေးပေမယ့် အမှုမဖွင့်ဘဲ အတင်းညှိခိုင်းပါတယ်။ (အတိုက်ခံရတယ်ဆိုတဲ့ ဆိုင်ကယ်သက်သေ မရှိလဲ ဆေးရုံက ဓာတ်မှန်ရိုက်ပြီး ဘာမှ မဖြစ်ပါဘူးပြောထားတဲ့ လူနာကြီး သက်သေပြပြီး အတင်း အလျော်တောင်းနေတာကို ညှိပြီး ကျေအေးခိုင်းနေတာပါ)

ည၁နာရီကနေ နောက်တနေ့ညနေစောင်းတဲ့အထိ ဖိအားပေးတဲ့ ဒဏ်ကို မခံနိုင်ကြပဲ ၂သိန်းပေးပြီး ကျေအေး စာချုပ်ချုပ်လာကြပါတယ်။

ကျမတို့ကို နေ့လည်လောက်မှ အသိပေးလို့ အမှုဖြစ်ချင်ဖြစ်ပေ့စေ၊ကားလည်း သက်သေဖမ်းချင် ဖမ်းထားပေ့စေ၊လူကို အာမခံ လုပ်ပေးမယ်၊မကြောက်နဲ့ လို့ ဘယ်လိုပင် အားပေးပေမယ့် ရဲကပါ အတင်းညှိခိုင်းနေတဲ့ အတွက် သူတို့ အလျှော့ပေးလာခဲ့ကြပါတယ်။စာချုပ်မှာ ၂သိန်းခွဲနဲ့ ကျေအေးပြီး ကိုယ့်ဖက်က ၂သိန်းပေးရတယ်၊ရဲက ၅သောင်းစိုက်ပေးပါတယ်တဲ့။ 😀



ကိုယ့်ဖက်က အားနည်းချက်က ကားမောင်းတဲ့ ကလေးက အမောင်းသင်ပဲ လုပ်ထားရသေးပြီး လိုင်စင်မယူရသေးခင် လူတတ်လုပ်ပြီး ကားမောင်းတာရယ်၊ အတွေ့အကြုံနည်းတော့ သူများ ချောက်တာ ကြောက်ကြတာပါပဲ၊

……………………………………………….

(၂) 20.6.2018 ည၈နာရီလောက်မှာ လှိုင်သာယာမှာနေတဲ့ ကျမတပည့်လေးက ပန်းလှိုင်ဂေါက်ကွင်းလမ်းကနေ ပန်းလှိုင်ဆေးရုံအလွန် ညောင်ရွာကို သွားပါတယ်။အဲဒီလမ်းကနေပဲ ပြန်လာပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးကနေ သူ့အိမ်ရှိရာ မန်းမြို့တော် ပေါက်စီ ဆိုင်နား လမ်းကို အချိုးမှာ ဆိုင်ကယ် ၃စီး ကျော်တက်ပြီး ပိတ်ရပ်ပါတယ်။ ဆိုင်ကယ်ချိတ်သွားတယ် လို့ စွပ်စွဲပြန်ပါတယ်။ချိတ်မိရင် ကိုယ့်ဆိုင်ကယ်လည်း ပွန်းပဲ့ရမယ်၊လဲရမယ် အခုဘာမှမှ မဖြစ်တာလို့ အခြေအတင်ငြင်းကြပါတယ်။ ငြင်းရင်း ကျမတပည့်က ငါ့အိမ်ဒီနားတင် ရပ်ကွက်ရုံးလည်း ဒီနားတင် ၊ရုံးသွားမယ်လို့ ပြောရင်း ဖုန်းထုတ်တော့ ဖုန်းမဆက်နဲ့လို့ တားပါတယ်။ ကိုယ့်အိမ်ကိုယ် ဖုန်းခေါ်တာ ဘာဖြစ်လဲလို့ ခပ်မာမာပြောရင်း ဖုန်းဆွဲထုတ်တော့ ဓာတ်ပုံရိုက်မှာ စိုးပြီး ပြန်မောင်းပြေးကြပါတယ်။

……………………………………………….

ဒီတလထဲတင် ကိုယ့်လူတွေထဲမှာ ကိုယ်က မတိုက်ရဘဲ မတရားစွပ်စွဲပြီး မိုက်ကြေးခွဲတဲ့ ဆိုင်ကယ်သမားတွေကို ၂ကြိမ်တောင် ကြုံရပါတယ်။ အခြားသူတွေလည်း ကြုံကြရမှာပါပဲ။ညစဉ်များ လုပ်စားနေကြလေသလား။

ပုံမှန်ဆိုရင် ယာဉ်တိုက်မှုတခုဖြစ်လို့ ဆိုင်ကယ် ၁၀စီး ၁၅စီး တပြိုင်တည်း ရောက်လာစရာ အကြောင်းမရှိပါဘူး။ တမင် ခွင်ဆင်ပြီး လူအုပ်စုနဲ့ အနိုင်ကျင့် ချောက်စားနေကြတာပါ။ ဒီလို ချောက်စားလို့ ရမှန်းသိရင် ပိုပိုဆိုးလာပါမယ်။

ကားမှာ Blackbox မတပ်တော့ မတိုက်ကြောင်း သက်သေမပြနိုင်တာလည်း ပါပါတယ်။(ပြနိုင်လည်း ညဖက်ကြီး လူအုပ်နဲ့ အ၀ိုင်းခံနေရချိန်မှာ ဥပဒေဘောင်ရဲ့ အပြင်ကို ရောက်နေမှာပါပဲ၊အခု နေ့ခင်းကြောင်တောင်ကြီးရောက်တာတောင် ဥပဒေအရ တာဝန်ရှိသူတွေက ကာကွယ်မပေးတဲ့အပြင် ခြိမ်းချောက်သူတွေဖက်က ကူညှိပေးနေပါသေးတယ်။)

………………………….

လမ်းဘေးမှာ ကျူးကျော်နေ၊ ယာဉ်မောင်းလိုင်စင် မရှိဘဲ လိုင်စင်မရှိတဲ့ without ဆိုင်ကယ်ကို မောင်းပြီး အုပ်စုဖွဲ့ မိုက်ကြေးခွဲနေကြတာကို ကာကွယ်ပေးသူမရှိလို့ ကြောက်နေကြရတဲ့ ကျမတို့ အဖြစ်ကတော့ စဉ်းစားကြည့်ရင် ရင်နာစရာပါပဲ။

Credit to Aye Aye Myint

Comments