၃မိုင်လောက်အထိ ရှည်တဲ့ မြန်မာနိုင်ငံက မြေအောက်ဥမင်လှိုဏ်ခေါင်းကြီး.. အန္တရာယ်ရှိလို့ အသိပေးပါရစေ....



၃မိုင်လောက် အထိရှည်တဲ့ မြန်မာနိုင်ငံက မြေအောက်ဥမင်လှိုဏ်ခေါင်းကြီး..အန္တရာယ်ရှိလို့ အသိပေးပါရစေ
၁။ခုတလော မြင်နေရ ဖတ်နေရတဲ့ ကယားပြည်နယ်ထဲမှာ ရှိတဲ့ မြေအောက်က သဘာဝ ဥမင်လိုဏ်ခေါင်းတစ်ခုနဲ့ ရွာငံဖက်မှာ အသစ်တွေ့တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုအကြောင်း လူတော်တော်များများ ဖတ်မိကြမယ် ထင်ပါတယ် ။
တကယ်တော့.. အဲဒီလိုဏ်ခေါင်းတွေထဲမှာ လူတွေရဲ့ လက်နဲ့ ဘယ်လိုမှ လုပ်လို့ မဖြစ်နိုင်တဲ့ သဘာဝ အလှတရားတွေ တစ်ကယ့်ကိုပဲ မြောက်များစွာ ရှိပါတယ်။
မြေကြီးနဲ့ ကျောက်နံရံကြားထဲကနေ တစိမ့်စိမ့် စီးကျလာတဲ့ ရေစက်တွေဟာ နှစ်ကာလ များစွာကြာလာတာနဲ့အမျှ အရောင်တလက်လက်ထနေတဲ့ ကျောက်စက်ပန်းစွဲ အဖြစ် တည်ရှိသွားတာတွေ။
မြေပြင်ပေါ်မှာ ကျတဲ့ ရေစက်တွေကနေ နှစ်ကာလ များစွာကြာလာတာနဲ့အမျှ တောင်ပို့ကြီးလို ဖြစ်နေတဲ့ ငွေရောင် တဖိတ်ဖိတ်တောက်နေတဲ့ တောင်ပို့ကြီးတွေ။
တချို့ နေရာတွေမှာမှန်စီရွှေချထားတဲ့ အခန်းထဲ ရောက်သွားသလို ခန်းလုံးပြည့်နီးပါး တဖိတ်ဖိတ်တောက်နေတဲ့ ကျောက်သားနံရံတွေနဲ့ ကြမ်းပြင်တွေ။
တချို့နေရာတွေမှာတော့..သုံးတောင့်ထိုး ဓာတ်မီးနဲ့ လှမ်းပြီး ထိုးကြည့်ရင်တောင် လိုက်ဂူရဲ့ မျက်နှာပြင်ကို မြင်ရဖို့ မဖြစ်နိုင်တဲ့ မြင့်မားတဲ့ ဂူနံရံကြီးတွေနဲ့… လိုဏ်ခေါင်းထဲမှာ တိတ်တဆိတ် စီးဆင်းနေတဲ့ မြေအောက်ချောင်းကချောင်းရေသံလေးတွေဟာ အဲဒီလို သဘာဝ လိုဏ်ဂူတွေရဲ့ အလှတရားတွေဆိုရင်လည်း မမှားနိုင်ပါဘူး။
၂။မကြာခင်က ကျွန်တော်ဖတ်လိုက်ရတဲ့ကယားပြည်နယ်ထဲက မြေအောက်ဥမင်လိုဏ်ခေါင်းဟာ ၁၃မိုင်လောက် ရှည်တယ်လို့ သိရပြီး လိုဏ်ခေါင်းထဲကို ရောက်ဖို့ အတွက် ကျင်းတစ်ခုကနေ ကြိုးနဲ့ ဆင်းကြရတယ်လို့ ရေးထားပါတယ် ။
တကယ်တော့..အဲဒီလို ကျင်းတွေနဲ့ လိုဏ်ဂူတွေ လိုဏ်ခေါင်းတွေဟာအဲဒီဒေသတွေမှာတင် မဟုတ်ပဲ မြန်မာပြည်ရဲ့ အခြားနေရာတွေမှာ..အများအားဖြင့်တော့ ရှမ်းတောင်တန်းတွေရဲ့အောက်မှာ အများအပြား ရှိနေကြပါတယ်။
အဲဒီလို လိုဏ်ခေါင်းတွေကိုဒေသတစ်ခုမှာ ခေါ်တဲ့ နာမည်က ” လူး ” တဲ့။
အဲဒီလို လိုဏ်ခေါင်းတွေကို ဆင်းတဲ့အခါ”လူးကျင်း”ဆင်းတယ်လို့ပြောကြပြီး အဲဒီလို သုံးနှုန်းတဲ့ နေရာကတော့ မိုင်းရှူး ရတနာမြေမှာပဲ ဖြစ်ပါတယ် ။
၃။မှတ်မိသလောက်ပြောရရင်တော့ စစ်အစိုးရလက်ထက်က တန် ၃၀၀၀ ဝန်းကျင် ရှိတဲ့ ကျောက်စိမ်းတုံးကို တွေ့ပြီး နိုင်ငံတော်ကို လှူခဲ့ဖူးတဲ့ ဦးနေဝင်းထွန်းဟာ မိုင်းရှူးမှာတော့ အဲဒီလို ”လူးကျင်း”နဲ့ စပြီး ချမ်းသာ ခဲ့တဲ့သူ ဆိုရင် မမှားနိုင်ပါဘူး။
ဒီနေရာမှာ ဗဟုသုတ အဖြစ် ပြောပြရရင်..အဲဒီလို ” လူး ” တွေ ထဲမှာ စီးဆင်းနေတဲ့ မြေအောက် ချောင်းတွေထဲမှာ ကျောက်သား ကျောက်ငုတ်ကြီးတွေ ရှိပါတယ်။ အဲဒီ တစ်ဝက် တပျက် ပေါ်နေတဲ့ ကျောက်ငုတ်ကြီးတွေဟာ ချောင်းရေထဲမှာ မျောပါလာတဲ့ ကျောက်တုန်း ကျောက်ခဲလေးတွေကို တင်ကျန်ခဲ့အောင် စစ်ယူထားတဲ့ နေရာမျိုး ဖြစ်သွားပြီးအချိန်ကြာလာတာနဲ့ အမျှ လည်ဇလုတ်ကြီး တစ်ခုလို ဖြစ်သွားပါတယ်။ဒါ့ကြောင့်လည်း လူးကျင်းထဲမှာ ရှိတဲ့ အဲဒီလို နေရာတွေကို ဇလုတ်လို့ ခေါ်ကြတာပါ။
တကယ့်တော့.ပတ္တမြားခဲလေးတွေဟာ ကျောက်သားတွေထက် ပိုမို လေးလံပါတယ်။
ဒါ့ကြောင့်လည်း ကျောက်သား ကျောက်ခဲလေးတွေထက် ပိုမိုလေးလံတဲ့ ပတ္တမြားခဲလေးတွေဟာ အဲဒီဇလုတ်မှာ လာစုကြပြီး ကံကောင်းတဲ့ လူးကျင်းတွေမှာဆိုရင် ဇလုတ်ကြီး တစ်ခု တစ်ခုမှာကိုပဲ ပတ္တမြား ပိသာချိန် အချိန် ၃၀ ကျော်လောက် ရတဲ့အထိ ကျုံးယူနိုင်ခဲ့တဲ့ လူးကျင်းတွေလည်း ရှိခဲ့ကြပါတယ်။
ဒီနေရာမှာ ပတ္တမြားကို ပိဿာချိန်နဲ့ ပြောလို့ တချို့လူတွေက အံ့သြရင် အံသြကြမှာပါ။တကယ်တော့ ကျွန်တော်တို့ ကိုယ်တိုင် ပတ္တမြားတွေကိုပွင့်ကောက်နဲ့ မရောင်းပဲ ပိဿာချိန်နဲ့ ရောင်းစားခဲ့ကြပါတယ်လို့ ပြောရင် ယုံတမ်းစကားလို ဖြစ်သွားကြမှာပါ။
၎။ပတ္တမြားတွေကို ပိဿာချိန်နဲ့ ရောင်းခဲ့ဖူးတာကို ဆက်ပြီးပြောပြရရင်PNO လို့ ခေါ်တဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က ဦးနေဝင်းထွန်းဟာဇလုတ်တွေ ပါတဲ့ လူးကျင်းအောင်သွားပြီးတဲ့နောက် ဝမ်ကန်က ခဲ(ဂဲ)တောင်မှာ လုပ်ကွက်အများအပြား ဝယ်ခဲ့ဖူးပါတယ်။
အဲဒီ အထဲကမှ အကွက်တစ်ကွက် ဖြစ်တဲ့ လုပ်ကွက်အမှတ် ၃၃၇ ကို သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ အဲဒီအချိန်က ဝ တပ်ဖွဲ့ ၄၈၈ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး ညီပလိပ်ကို လက်ဆောင်ပေးခဲ့ဖူးတယ် ဆိုရင်လည်း မမှားပါဘူး။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်အဲဒီအကွက်ရဲ့ ဆေးမှုးလုပ်ခဲ့ဖူးပြီးတခါတရံ ကျင်းဆင်းရတဲ့ကျောက်ကျင်း ကြီးကြပ်ရေးမှူး တာဝန်ကို ယူထားခဲ့ဖူးပါတယ်။
ပေ ၄၀၀ ကျော် နက်တဲ့ ၄ ပေပတ်လည် ကျင်းပေါက်ထဲ စပြီး ဆင်းခါစ အချိန်တွေဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တွေပါပဲ။
ကျွန်တော် အဲဒီလုပ်ကွက်မှာ ရှိပြီး ကျောက်ထွက်အား ကောင်းတဲ့အချိန်တွေကဆိုရင် တစ်နေ့ကို ပတ္တမြား အချိန် တစ်ပိဿာကျော် အနည်းဆုံးရတဲ့ ကာလတွေပါ။ တစ်လကျော်လောက်ကြာပြီး အစုခွဲဖို့အတွက် ကျောက်တွေကို ချိန်ကြည့်ကြတဲ့အခါ အမြဲလိုလို အချိန် ၅၀ ကျော်ချည်းပါပဲ။
ဒါပေမယ့်.. ကျောက်ဈေးဖြတ်တဲ့ အခါအချိန် ၅၀ ကျော် ၆၀ လောက်ကို တစ်ပိဿာ သိန်း ၅၀ ဝန်းကျင်လောက်နဲ့ ရောင်းခဲ့ရ၊ ဈေးဖြတ်ခဲ့ကြတယ် ဆိုရင် ယုံနိုင်ကြပါ့မလား။
တကယ်တော့ မိုင်းရှူး ရတနာမြေနဲ့ ပက်သက်ပြီး မှတ်မိနေတာတွေက အများအပြားပါ။
နှစ်လုံးစီး သုံးလုံးစီးလောက် ရှိတဲ့ အရွယ်လောက်ကနေလက်ညိုးတစ်ဆစ်စာ နှစ်ဆစ်စာလောက်ရှိတဲ့ ပတ္တမြားတွေကို အကွက်ထဲမှာရှိတဲ့ ကျောက်ညှပ်ခန်းထဲမှာမကြာခဏဆိုသလို မြင်ဖူးခဲ့ပြီး..ရောင်းတဲ့ အခါ တစ်ပိဿာမှ သိန်း၅၀ လောက်ပဲ ရတဲ့ အဖြစ်တွေ။
ကိုယ်တွေလုပ်တဲ့ လုပ်ကွက်သေးသေးလေး တစ်ကွက်ထဲမှာတောင် တစ်နေ့ကို ပတ္တမြား အချိန် တစ်ပိဿာကျော် ရရင် ကိုယ်တွေလုပ်ကွက် အနားမှာရှိပြီး အကောင်းဆုံးအကွက်တွေကို ဆယ်ကွက် ဆယ့်ငါးကွက်အထိ ယူထားတဲ့MEC တို့ ဦးပိုင်တို့ဆိုရင် တစ်နေ့ တစ်နေ့ ဘယ်လောက်များ ရနေမလဲလို့လည်း တွေးကြည့်ခဲ့ဖူးပါတယ်။
၅။ရတနာဆိုတာ ထိုက်မှ ရတာပါ။ကိုယ်က ရပေမယ့်လည်း ကိုယ်နဲ့မထိုက်ရင် သူများအတွက် ဖြစ်သွားတာတွေလည်း အများအပြား မြင်ခဲ့ရဖူးပါတယ်။
တချို့ဆိုရင် အသက်ပါ ပေးသွားရတဲ့အထိ ကိုယ့်မျက်စိရှေ့တင် ဖြစ်ပျက်ခဲ့တာတွေပါ။
ဒါတွေကို တနေ့နေ့မှာတော့ ရေးပြမိဦးမှာပါ။
ခုတော့ အန္တရာယ် ရှိတယ်ဆိုပြီးကျွန်တော်ပြောပြချင်တဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းတွေအကြောင်း ဆက်ပါမယ်။
လူးလို့ ခေါ်တဲ့ မြေအောက် ဥမင်တွေဟာ အပေါက်တစ်ခု ကျင်းတစ်ကျင်းကနေ အထဲကို ဝင်ကြရတာပါ။
တစ်ဖက်မှာ ပြန်ပြီး ထွက်လို့ရတဲ့ ကျင်းတွေ ရှိနိုင်ပေမယ့် တစ်ဖက်မှာ လူလုံးဝ ထွက်လို့ မရနိုင်တဲ့ ကျင်းတွေလည်း ရှိပါတယ်။
အကယ်၍များ မိမိဝင်ခဲ့တဲ့ အပေါက်က အကြောင်းတစ်ခုခုကြောင့် ပိတ်သွားခဲ့ရင်ဘယ်လို ဖြစ်သွားနိုင်တယ် ဆိုတာ အရင်ဆုံး တွေးကြည့်စေချင်ပါတယ်။
မိုင်းရှူး ရတနာမြေမှာတော့မိုးတွေရွာတဲ့ အချိန် မြေတွေပြိုကျပြီး အဲဒီလို လူးပေါက်ပိတ်သွားတာ မြင်ခဲ့ဖူးသလိုအဲဒီလူးတွေထဲမှာ ဝင်ပြီး ကျောက်ရှာနေတဲ့ သူတွေရော ကျောက်ဝင်ဝယ်တဲ့သူတွေပါ လူပေါင်း ရာနဲ့ချီပြီး ပြန်ထွက်လာလို့မရတော့တာ၊ နောက်ဆုံး ကယ်မယ့်သူတွေ မရှိပဲ ပျောက်ဆုံးသွားခဲ့တာ ကြုံခဲ့ဖူးပါတယ်။
အိမ်တွေ အောက်မှာဟင်းကျန် ထမင်းကျန်တွေ ပစ်ရင်း ကြွက်တွေလာ။
ကြွက်တွေလာတော့ ကြွက်တွင်းတွေဖြစ်။
မိုးတွေရွာတဲ့ အခါ ကြွက်တွင်းတွေထဲ ရေတွေဝင်ပြီးကံဆိုးတဲ့ အိမ်ပိုင်ရှင်တွေကတော့အိမ်အလုံးလိုက်ကြီး မြေမျိုသလို လူးကျင်းတွေထဲ ပြုတ်ကျသွားတာတွေလည်း ရှိခဲ့ဖူးပါတယ်။
မိမိ ဆောက်ထားတဲ့ အိမ်အောက်မှာ ဒီလို လူးပေါက် ဖြစ်မယ့် အနေအထားအမျိုး ရှိနေမယ်ဆိုတာ ဘယ်သူမှ ကြို မသိနိုင်ပါဘူး။
အဲဒီလိုပဲ လူးထဲမှာ သွားနေစဉ် အပေါ်ကနေ ဘာတွေ ပြိုကျလာနိုင်တယ် ဆိုတာလည်း ဘယ်သူမှ မမြင်နိုင်မသိနိုင်ပါဘူး။
အရေးအကြီးဆုံးကတော့ အသက်ရှူဖို့ အောက်စီဂျင်ပါပဲ။
တခါတရံ လေဝင် လေထွက် ဖြစ်နေတဲ့ အပေါက်တစ်ခုခု ဖက်ကများ အကြောင်းတစ်ခုခုကြောင့် ပိတ်သွားခဲ့ရင် လေပြတ်သွားနိုင် သေးတယ် ဆိုတာ ထည့်ပြီး စဉ်းစား ထားရပါမယ်။
ဒါ့ကြောင့်..စွန့်စားလိုတဲ့ လူငယ်တွေ အနေနဲ့ ဒီလို ကျင်းမျိုးကို ဆင်းတော့မယ် ဆိုရင် မိုးရာသီကို အရင်ဆုံး ရှောင်ကြပါ။
မိမိဆင်းမယ့်ကျင်းရဲ့ ပတ်ဝန်းကျင်က မြေသားတွေဟာ မိမိဆင်းမယ့်ကျင်းအပေါ် ပြိုကျ လာနိုင်သလားဆိုတာ အရင်လေ့လာပါ။
တဖက်မှာ ထွက်ပေါက်ရှိတာ သေသေချာချာ သိပြီးတဲ့ ကျင်းမျိုးကိုသာ စွန့်စားပြီး ဆင်းကြပါလို့ အသိပေးရင်းမြန်မာပြည်သူ ပြည်သားအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
Credit ဘုန်းထက်ကြယ်

Comments